Sunday, January 22, 2012

ကျွန်တော် ရဟန်းခံ...မှတ်တမ်း...



ဒီနေ့ ၁၄-ရက်နေ့ ကျွန်တော် မောင်ကျော်ကျော် ရဟန်းခံပါတယ်...
ဆန်ဖရန်စစ်စကို လောကနာထကျောင်းမှာဘဲ သင်္ကန်းစည်းဖြစ်တာပါ...
ကျောင်းမှာ သိမ်မရှိသေးတဲ့အတွက်တော့
ဖရီးမောက်မြို့က ကုသလကာရီကျောင်းကိုသွားပြီး ရဟန်းခံရပါတယ်...

ဆရာတော်ဦးလောကနာထကတော့ ဥပဇ္စျယ်ဆရာ၊ ဦးဂရုဓမ္မက အနုသာသကအဖြစ်ဆောင်ရွက်ပြီး ကာရကသံဃာတော် ၆-ပါးနဲ့ ကုသလကာရီ ခဏ္ဍသိမ်တော်မြတ်မှာ ကမ္မဝါစာဖတ်ကြလို့ ၂ဝ၁၂-ခု ဇန်နဝါရီလ ၁၄-ရက် နံနက် ၈-နာရီ ၅၃-မိနစ်တိတိအချိန်မှာ မြင့်မြတ်သော ရဟန်းသမဏဘဝကို ရရှိခဲ့ပါတယ်... ရဟန်းဘဝရောက်အောင် ပြုလုပ်ပေးခဲ့တဲ့ ဆရာတော်ဘုရားများကို ကျေဇူးတင်ပါတယ်... ရဟန်းခံပွဲ ပြီးတဲ့နောက်မှာတော့ လှူဖွယ်ရာအစုစုကို အပ်စပ်စွာနဲ့ လှူဒါန်းခဲ့ပြီး ဆန်ဖရန်စစ်စကို လောကနာထကျောင်းကို ပြန်လာခဲ့ကြပါတော့တယ်... ရဟန်းခံပေးတဲ့ ဆရာတော်တွေထဲမှာပါတဲ့ ဆရာတော်တစ်ပါးက နိုင်ငံခြားသား ဗိုလ်အဖြူရဟန်းတော် ၂၁-ဝါ ရပြီတဲ့ အားကျစရာပါဘဲ... ရဟန်းခံပြီးတဲ့အခါမှာတော့ အဲဒီဆရာတော်က သံဃာစုံလို့ ဝတ်ဆောက်တည်တဲ့အတွက် ကမ္မဝါကိုင်ပြီး စာဖတ်တယ်... အံသြစရာ မြန်မာအက္ခရာနဲ့ ကမ္မဝါစာကိုဖတ်တာ မြန်မာဆရာတော်တွေ အသံအတိုင်း ဖြောင့်နေတာဘဲ... ရဟန်းတော်တွေ တစ်ဦးချင်းစီမှာ အထင်ကြီးစရာတွေ တွေ့ရပါတယ် လေးစားပါတယ် ဘုရား...

ကျောင်းကိုရောက်လို့ နေ့ဆွမ်းကိုတော့ မမြတ်တို့မိသားစုက ဆက်ကပ်ကြပါတယ်... နေ့လည် ၁-နာရီကစလို့ ရဟန်းဘဝကိုရတုန်း ရခိုက် တန်ဖိုးရှိအောင် အချိန်ဇယားနဲ့ စတင်ပါတော့မယ်...

၁-နာရီ ထိုင် ၁-နာရီ စင်္ကြံလျှောက် မနက် ၆-နာရီကနေ ည ၉-နာရီထိ... ဆရာတော်ကတော့ ရခဲလှတဲ့ရဟန်းဘဝ ရတုန်းလေး တန်အောင်ကို သင်ပေးလိုက်တာပါဘဲ... တရားနာချိန် ၃-ချိန်မှာ တစ်ချိန်က ဝိနည်းသင်ပေးပြီး တစ်ချိန်ကိုတော့ သတိပဋ္ဌာန်နဲ့ ပဋိစ္စသမုပ္ပါဒ် ကျန်တစ်ချိန်ကတော့ မရှင်းတာတွေ မသိတာတွေ မေးမြန်းချိန်ပါ... ဘာသာရေး သာသနာရေးနဲ့ပါတ်သက်လို့ လေ့လာခဲ့ရတာ မသိသေးတာတွေ အများကြီးသိရပြီး စိတ်ချမ်းမြေ့လှပါတယ်... ဘုန်းတော်ကြီးတွေမှာ ဝိနည်းစည်းကမ်း ၂၂၇-မျိုးတောင် စောင့်ထိန်းရတာပဲ မလွယ်လိုက်တာ... အကြောင်းအမျိုးမျိုးနဲ့ အာပတ်လေးတွေသင့်ကြရတယ်... ညကြရင် ဒေသနာကြား အာပတ်ဖြေရပါတယ်...ပြီးတော့ ဆွမ်း သင်္ကန်း ကျောင်း ဆေး မှီဝဲထားတာတွေ အပြစ်မဖြစ်အောင် ဆင်ခြင်ရသေးတယ်...

မအားတဲ့ကြားကနေ နေ့စဉ် အရုဏ်ဆွမ်း နေ့ဆွမ်း ကပ်လှူကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်လှပါတယ်...

၇-ရက်ပြည့်လို့ လူဝတ်လည်းတဲ့အခါမှာတော့ စိတ်ထဲတမျိုးပါဘဲ... ၂၂၇-သွယ်သော သိက္ခာပုဒ်တွေကနေ ၅-ပါးသောသီလကို ဆင်းရတာဆိုတော့ စိတ်မကောင်းဖြစ်မိတယ်... ဒါပေမဲ့လည်း ရဟန်းဘဝဆိုတာ မြတ်စွာဘုရား ဟောထားတာ ရခဲတယ်လေ အပြီး မဝတ်နိုင်သေးပါဘူး... ကာမဂုဏ်တွေ စွန့်ခွာပြီး ဝတ်နိုင်တဲ့ ဘုန်းတော်ကြီးများကို မိမိစိတ်နဲ့ ယှဉ်ကြည့်ပြီး လေးစားမိပါတယ်... ဝိနည်းတွေ သိသင့်သလောက် သိပြီးနောက် လူ့ဘဝနဲ့ပဲ ဆရာတော်တွေ အာပတ်မသင့် အပြစ်မဖြစ် ရလေအောင် ဘေးကနေ သာသနာကို စောင့်ရှောက်ပါ့မယ်...

ဆရာတော်က ရဟန်းဖြစ်ခဲ့တဲ့ ရက်ချုပ်မှတ်တမ်းစာရွက် ပေးပါတယ်... https://4.bp.blogspot.com/-XLOrWr_E954/WXoP8VQuaxI/AAAAAAAALSs/uFoQ4tYtzU0Al1TNVlZRDvdk_9UIVp6WACLcBGAs/s1600/2012_01_14_Ashin%2BKumara_%2528Kyaw%2BKyaw%2529.jpg
ဘဝမှာ အမှတ်တရပေါ့...

ကိုယ်စား ဒိုးလေး
၁.၂၁.၂ဝ၁၂

No comments:

Post a Comment